Tuesday, November 17, 2009

မျှစ်စပ်ကြော်ချက်ဟင်း

အတော်များများကတော့ မျှစ်ကိုဟင်းချက်စားဖူးကြမယ်ထင်ပါတယ်။ ကြက်ဥနဲ့ မျှစ်ကိုကြော်စားကြတယ်။ မျှစ်ချဉ်ရည်ဟင်းလုပ်သောက်ကြတယ်။ ဒါပေမယ့် မျှစ် အမျိုးအစား ၂ မျိုးရှိတာကိုရော သိကြပါသလား? မျှစ်ချဉ်က မျှစ်ကို အချဉ်ဖောက်ထားပြီး အနီရောင်ရှိပါတယ်။ နည်းနည်း တွဲပါတယ်။ ကြက်ဥနဲ့ ကြော်စားတာတို့ အချဉ်ဟင်းချက်သောက်တာတို့ ကောင်းပါတယ်။  မျှစ်စပ်ကကျတော့ ထုတ်ထုတ် ထုတ်ထုတ်နဲ့ ကြော်ချက်ဟင်းလုပ်စားဖို့ ပိုကောင်းပါတယ်။ အရောင်က အဖြူပါ။ နိဒါန်းတောင် နည်းနည်းရှည်သွားပြီ။ ကဲ.. စလိုက်ရအောင်နော်..

ပထမဆုံး မျှစ်စပ် ၅၀ သားခန့်၊ (ဟင်းရည်ဆူလျှင်ခပ်ရန်) ဆူးပုပ်ရွက် (သို့)  ဘူးညွန့်  ကြက်သွန်ဖြူအနည်းငယ်၊ ပုစွန်ခြောက်အနည်းငယ်၊ ဆီ နဲ့ ငံပြာရည်တို့ လိုအပ်ပါတယ်။ 

မျှစ်တွေကိုရေစင်စင်ဆေးပါ။ ပြီးတော့ ရေထဲမှာခဏစိမ်ထားပါ။ (၁၀ မိနစ်ခန့်) အဲဒီအချိန်မှာ ဆီ စတီးဇွန်း၁ဇွန်းကို ပူလာအောင်ထားပါ။ ဆီပူလာရင် ကြက်သွန်ဖြူ ၅ တက်ခန့်နှင့် ပုစွန်ခြောက်သင့်တော်ရုံရောထောင်းပြီးသားကို ဆီသတ်ပါ။ ကြက်သွန်ဖြူကျက်ရင် ငံပြာရည်စတီးဇွန်း ၁ ဇွန်းထည့်၍ မွှေပါ။ ထို့နောက် အိုးတစ်ခုထဲသို့ပြောင်း၍ ရေများများထည့်ပါ။ ရေများ ပလုံဆူလာပါက မျှစ်စပ်များထည့်ပါ။ မျှစ်စပ်များနူးကျက်၍ အိုးပေါ်မှ ချကာနီးပါက နှစ်သက်ရာ အရွက်ကို ဟင်းခတ်ပါ။ ထို့နောက် ပူပူနွေးနွေးချိုသော မျှစ်စပ်ကြော်ချက်ဟင်းကို စားသုံးနိုင်ပါပြီ။


အချက်အပြုတ်

ဒီ label မှာကတော့ အချက်အပြုတ်လေးတွေအကြောင်းရေးပေးသွားပါမယ်။ အဓိက ကတော့ နိုင်ငံခြားရောက် ရွှေမြန်မာများအတွက် လွယ်လွယ်ကူကူ ရှာဖွေချက်ပြုတ်နိုင်တာလေးတွေကို ရေးပေးသွားပါမယ်။ ကဲ.. ဟင်းကောင်းစားရင်ကိုချစ်သူကိုသတိရသတဲ့။ ကိုချစ်သူကို သတိမရရင်တောင် အစားကောင်းကောင်းလေးတွေ ချက်စားရင်း လျှာရင်းမျက်ကြပါစို့။

Thursday, October 22, 2009

စွယ်စုံရ ကြက်သွန်နီ

ကဲ.. ဟင်းချက်ဖူးသူတိုင်း၊ ဟင်းမချက်ဖူးရင်တောင်မှ ချက်နေတဲ့သူတွေလုပ်တာကိုင်တာ မြင်ဖူးရင် ဟင်းချက်ရာမှာကြက်သွန်နီဟာမပါမဖြစ်ဆိုတာသိကြမယ်ထင်ပါတယ်။ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုသလိုပါပဲ။ ဘယ်လောက်ပဲ ခေတ်မီပါတယ်ပဲပြောပြော၊ ငယ်ငယ်က တိုင်းရင်းဆေးတစ်ခွက် (အနည်းဆုံး လျက်ဆား) လောက်တော့ သောက်ဖူးကြမယ်ထင်ပါတယ်။ ဒါကြောင့်လွယ်လွယ်ကူကူလည်းရနိုင်၊ အမြဲတမ်းလည်း စားသုံးဖြစ်နေတဲ့ ကြက်သွန်နီရဲ့ ဆေးဘက်ဝင်ပုံလေးတွေကို မျှဝေလိုက်ပါတယ်။

ကြက်သွန်နီ၏ အသုံးဝင်ပုံများ




၁။ ကလေးများ သေးပြီးညှက်နေလျှင် ကြက်သွန်နီဥနှင့် ထန်းလျက်ကိုရောကာ ကျွေးပါက ဖွံ့ထွားလာသည်။
၂။ အိပ်မပျော်လျှင် ကြက်သွန်နီကို မီးဖုတ် (သို့) ပေါင်းပြီးစားရသည်။
၃။ နှာခေါင်းသွေးထွက်လျှင် ကြက်သွန်နီရှူက ပျောက်၏။
၎။ နားကိုက်လျှင် ကြက်သွန်နီကိုထောင်း၍အရည်ညှစ်၊ မီးနှင့်ပူအောင်လုပ်ပြီး နားထဲသို့နွေးနွေးထည့်ရသည်။
၅။ ချောင်းဆိုးလွန်းလျှင် ကြက်သွန်နီဥကို အစိမ်းစားပေးရသည်။
၆။ အိမ်တွင် သင်္ဘောဆေးသုတ်ပြီးကာစ နံစော်၍မခံနိုင်လျှင် အိမ်ထဲတွင် ကြက်သွန်နီကိုလှီး၍ ရေစိမ်ထားက အနံ့ပျောက်သည်။
၇။ ပျားတုပ်ခံရလျှင် ကြက်သွန်နီအမြိတ်မှရသော အရည်နှင့်ပွတ်က အရှင်းပျောက်၏။

Reference: သစ်ဥသစ်ဖု၊ ၀လံပန်းမံ

ရိုးရာဆေးမြီးတိုများ

အနော်တို့ မြန်မာ့ရိုးရာဆေးမြီးတိုတွေဟာ တကယ်တော့ အစွမ်းထက်ပါတယ်။ ရိုးရာတိုင်းရင်းဆေးပညာကို တကယ်မလိုက်စားပဲ ရမ်းကုတတ်တဲ့ဆရာတွေကြောင့်သာ တိုင်းရင်းဆေးဟာ နံမည်ပျက်နေတာပါ။ အဲဒါကြောင့် အနော်ကြားဖူး၊ ကြုံဖူး၊ ကိုယ်တွေ့မြင်ဖူးတာတွေထဲက ဆေးမြီးတိုလေးတွေကို မျှဝေချင်ပါတယ်။ :)

Tuesday, October 20, 2009

တွေးမိတာလေးတွေ

အင်း.. ဒီ label မှာတော့ အနော်တွေးမိတာလေးတွေ.. personal နဲ့ဆိုင်တဲ့အကြောင်းအရာလေးတွေကို ရေးမယ်။ ဟိုတုန်းကအနော့် post တွေကိုအမြဲဖတ်ရှုပေးခဲ့ကြတဲ့ စာဖတ်သူတွေကို ဒီဘလော့ဂ်အသစ်လေးကနေ ကြိုဆိုနေမယ်နော်။ :)